ဗဟုသုတ ပုံပြင်များ.
၁
အိမ်ထောင်ဖက်ကောင်း
ရှေးရှေးတုန်းက
မြို့တစ်မြို့မှာ အလွန်ချမ်းသာတဲ့ သူဌေးသားတစ်ယောက် ရှိသတဲ့
သူဟာ သူ့အိမ်ထောင်ဖက်အတွက် အဖက်ဖက်က ပြီးပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ကို လိုက်ရှာနေတယ်။
သူတို့တစ်မြို့လုံးလဲ နှံ့နေပြီ။တစ်ယောက်မှရှာမတွေ့ဘူးတဲ့ ။
ဒါနဲ့ သူဟာ မြို့တွေအနှံ့လိုက်ရှာဖို့ ဆုံးဖြတ်လိုက်တယ်။ သူဟာ ခရီးထွက်လာရင်း မြို့ကြီးတစ်မြို့ကို ရောက်လာတယ်။ဒီမြို့မှာ ပြီးပြည့်စုံတဲ့မိန်းကလေး ရှိလားလို့ စုံစမ်းတယ်။
ကုန်သည်ကြီးတစ်ယောက်ရဲ့ သမီးရှိတယ်ဆိုလို့ သူသွားကြည့်လိုက်တယ်။ကောင်မလေးက အရမ်းချောမောလှပတယ်။ယဉ်ကျေးတယ်။သိမ်မွေ့တယ်။အချက်အပြုတ်ကောင်းတယ်။အိမ်မှုကိစ္စလဲ နိုင်တယ်။
ဒါပေမယ့် အဲဒီကောင်မလေးကို သူမကြိုက်ဘူး ကောင်မလေးက စာမတတ်ဘူးဖြစ်နေလို့တဲ့။
အဲဒါနဲ့နောက်တစ်မြို့ကို ရောက်လာပြန်ရော။အဲဒီမြို့မှာ အမတ်ကြီးတစ်ဦးရဲ့ သမီးက ပြီးပြည့်စုံတယ်လို့ ကြားတော့ အမတ်ကြီးသမီးဆီသွားပြန်ရော။
အမတ်ကြီးသမီးက ပထမတစ်ယောက်ရဲ့ အရည်အချင်းတွေအားလုံးရှိတယ်။
စာလဲတတ်တယ်။ကဗျာတွေ စပ်တတ်တယ်။နိုင်ငံရေးတွေကိုလဲ အားလုံးနားလည်တဲ့။
ဒါပေမယ့် သူမကြိုက်ဘူး။အမတ်သမီးက မာနကြီးလို့တဲ့။
နောက်တစ်မြို့ကို ရောက်ပြန်ရော သူဌေးမတစ်ဦးဟာ ပြီးပြည့်စုံတယ်ဆိုလို့ သူဌေးမလေးဆီလာခဲ့တယ်။သူဌေးမလေးဟာ ငယ်ရွယ်တယ်။တစ်မြို့လုံးမှာ အချမ်းသာဆုံးဖြစ်တယ်။ပထမနှစ်ယောက်လုံးမှာရှိတဲ့အရည်အချင်းတွေ အကုန်ရှိတယ်။သူကြိုက်တယ်။
ဒါနဲ့ကောင်မလေးကို သူ့ကိုလက်ထပ်ဖို့ပြောတယ်။
ဒါပေမယ့်ကောင်မလေးက သူ့ကိုငြင်းတယ်။ ဘာလို့လဲဆိုတော့ ကောင်မလေးက ပြန်ပြောတယ်။
`` ကျွန်မရှင့်ကိုလက်မထပ်နိုင်ဘူး´´
ဘာလို့လဲဆိုတော့
``ရှင်ကပိုက်ဆံပဲရှိတယ် ဘာမှမပြီးပြည့်စုံဘူး
ကျွန်မက တကယ်ပြီးပြည့်စုံတဲ့ယောက်ျားကို ရှာနေတာ´´ဟူသတည်း
=============================
လောကမှာ
သူတစ်ပါရဲ့ အားနည်းချက်တွေကိုသာ ကြည့်ပြီး
ကိုယ့်ရဲ့ လိုအပ်မှုတွေကိုတော့
ဖြည့်ဆည်းဖို့ မေ့နေတတ်ကြပါတယ်
25 - 2 - 2017
( ဓမ္မအလင်းရောင်)
၂
တစ်ခါတုန်းကပေါ့
လူတစ်ယောက်မှာ မယားနှစ်ယောက် ယူထားတယ်တဲ့
အဲဒီ မယားနှစ်ယောက်ထဲမှာ မယားအကြီးက အသက်အရွယ်ပြီးရင့်သူ ဖြစ်ပြီး
မယားအငယ်ကတော့
အသက်ငယ်လှသည့် ၁၇- နှစ်အရွယ်ပဲ ဖြစ်သတဲ့
တနေ့မှာ မယားအငယ်က ခင်ပွန်းရဲ့ ဦးခေါင်းမှာ ခေါင်းမွှေးတွေ ဖြူနေတာကို တွေ့သွားသတဲ့
ဒီအခါ သူမက စိတ်မသက်သာပြီး
``ခင်ပွန်းမှာ ဆံပင်အနက်များသာ ရှိနေမှ သူ့လို နုပျိုသူ တစ်ယောက်ပမာ ဖြစ်နေမယ်ဆိုပီး´´
နေ့တိုင်း ခင်ပွန်းရဲ့ ဆံပင်ဖြူတွေကို နှုတ်ပစ်တာပေါ့
ဒီလို ခင်ပွန်ဖြစ်သူ ဆံပင်ဖြူနေတာကို မယားအငယ်က စိတ်မသက်မသာ ဖြစ်ပေမယ့်
မယားအကြီးအတွက်မှာ
အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသတဲ့
ဘာကြောင့်လဲဆိုတော့
အဲဒီ ဆံပင်အဖြူတွေရှိနေမှ ခင်ပွန်းသည်မှာ သူမလိုပဲ အသက်အရွယ်ကြီးရင့်သူတစ်ဦးနဲ့ တူနေမှာဖြစ်လို့တဲ့
ဒါကြောင့် မယားအကြီးက ခင်ပွန်းသည်မှာ
ဆံပင်အဖြူတွေပဲ ရှိစေရန် ဆိုပီး
ခင်ပွန်းသည်အား ဆံပင် ဖြီးလိမ်းပေးတဲ့အခါမျိုးမှာ ဆံပင်အနက်များကို နှုတ်ပစ်တာတဲ့
အခုလို ဆံပင်များနှုတ်ကြတာကို
မယားအကြီးနှင့် မယားအငယ်တို့ဟာ တစ်ဦးနှင့်တစ်ဦး အသိပေးခြင်းမရှိ အခွင့်ရတိုင်း သူတစ်မျိုး ငါတစ်ဖုံ အခွင့်ရတိုင်း နှုတ်ကြတာတဲ့
ဒီလိုနဲ့ နောက်ဆုံးမှာတော့
ခင်ပွန်းသည်မှာ ဆံပင်အဖြူရော အနက်ပါ တစ်ပင်မှ မရှိတော့ပဲ ထိပ်ပြောင်ဘဝသို့ ရောက်သွားရှာလေတော့သတည်းးးးးးးးးး
=============================
( သူဘက်ကိုယ့်ဘက် အယူအဆ အတွေးအမြင်
တူညီဖို့ ကြိုးစားကြရင် ကြားထဲမှာ မြေစာပင် ဖြစ်သွားသူတွေ ဘယ်လောက်တောင် များနေပီလဲနော် )
28=2=2017
( ဓမ္မ အလင်းရောင် )
၃
တစ်ခါတုန်းက
လိမ်ညာသူ နဲ့ ယုံကြည့်သူ ဆိုတဲ့
သူငယ်ချင်းနှစ်ယောက် ရှိကြသတဲ့
လိမ်ညာသူက ယုံကြည်သူကိုပြောတယ်
“ငါ့မှာသာ ချိုချဉ်တစ်လုံးရှိရင် နင့်ကိုတကယ်ပေးမှာ”တဲ့။
ယုံကြည်သူ တစ်ချက်စဉ်းစားပြီး အိတ်ကပ်ထဲက ချိုချဉ်တစ်လုံးကို လိမ်ညာသူလက်ထဲ ထိုးထည့်ပေးလိုက်တယ်။
လိမ်ညာသူက ထပ်ပြောတယ်…
“တကယ်လို့ ငါ့မှာချိုချဉ်အများကြီးရှိရင် နင့်ကိုအကုန်လုံးပေးတယ်”တဲ့။
လိမ်ညာသူရဲ့ အပြောမှာ ယုံကြည်သူ ခံစားသက်ဝင်ပြီး မျက်ရည်တောင်ဝဲမိတယ်။
ကိုယ့်ဆီမှာရှိတဲ့ ချိုချဉ်တွေအားလုံး လိမ်ညာသူ
လက်ထဲထည့်ပေးလိုက်တယ်။
ယုံကြည်သူထံမှာ ချိုချဉ်တွေ မရှိတော့မှန်း သိတော့
လိမ်ညာသူက သူ့ကို ထားခဲ့ပြီး ထွက်သွားခဲ့တယ်။
လိမ်ညာသူ ထွက်သွားတာကိုမြင်တော့ ယုံကြည်သူမှာ ပျာယာခတ်သွားတယ်။ ကိုယ့်မှာရှိတာတွေ အကုန်ပေးပြီးပြီလို့ ရှင်းပြချင်နေခဲ့တယ်။ ရှိတာအကုန်လုံးပေးလိုက်တာတောင် လိမ်ညာသူ မတုန်လှုပ်တော့
ဒီအချိန်မှ သူတွေးမိသွားတယ်
လိမ်ညာသူဟာ အပြောပဲရှိတယ်… တကယ်တမ်းမှာ ဘာမှလည်း ပြန်မပေးခဲ့မှန်း သိလိုက်တယ်။
ယုံကြည်သူဟာ ငိုနေမိတယ်… သူ အ,တာ ကိစ္စမရှိဘူး…
ချိုချဉ်တွေ သူအကုန်ပေးလိုက်တာလည်း ကိစ္စမရှိဘူး..
ဒါပေမယ့် လိမ်ညာသူ ထွက်သွားတဲ့ ပုံစံက
ပြတ်သားလိုက်တာ၊ စက်ဆုပ်ရွံ့ရှာအထင်သေးတဲ့ပုံနဲ့…
လိမ်ညာသူ ထွက်သွားခဲ့ပြီ…
ယုံကြည်သူခမျာ ဆွံ့အ,ပြီး ကျန်ရစ်ခဲ့တယ်…
===============================
ကျွန်တော်တို့ ဒီတစ်သက်မှာ…
ဘယ်သူ လိမ်ညာသူနဲ့ မတွေ့ဖူးခဲ့လဲ…
ဘယ်သူ ယုံကြည်သူ မဖြစ်ခဲ့ဖူးလဲ…
----------------------------------------------------------
ဒါလေးဖတ်မိတော့ ကိုယ်လည်း တစ်ချိန်က
ယုံကြည်သူ ဖြစ်ခဲ့ဖူးတာကို သတိရမိတယ်။
ဒါပေမယ့် ဖြေသာခဲ့ပါတယ်.. အနည်းဆုံးတော့ ကိုယ်ဟာ လိမ်ညာသူ မဖြစ်ခဲ့ဖူးဘူးလေ...
11 - 3 - 2017
( ဓမ္မ အလင်းရောင် )
၎
တစ်ခါက
ရွာတစ်ရွာမှာ လင်မယားနှစ်ယောက်ရှိတယ် ။ မယားလုပ်တဲ့သူမှာ အကျင့်တစ်ခုရှိတယ် ။ အဲဒါကတော့
သူ့ကို ဘာပြောပြော
"ဟုတ်လား -- ကျွန်မအစကတည်းက ထင်တော့ထင်သားဘဲ" --ဆိုပြီး
အမြဲ အဲသလိုပြောတတ်သတဲ့ ။
အဲဒါကို နေ့တိုင်းကြားနေရတော့ ယောင်္ကျားဖြစ်တဲ့သူဟာ သူ့မိန်းမကို အမြင်ကပ်လာတယ် ။
ဒါနဲ့ တစ်နေ့မှာ
ယောင်္ကျားလုပ်တဲ့သူဟာ လယ်တောကိုသွားပြီး......
အချိန်မတန်မီ နွားနှင်တံ ( နွားမောင်းရာတွင် နွားကိုရိုက်ရန်သုံးသောတုတ်) ကို ကိုင်ပြီး
သူတစ်ယောက်ထဲပြန်လာတယ် ။
ဒါကိုမိန်းမကမြင်တော့
`` ဟော -- ရှင်ဘာဖြစ်လို့ အိမ်ကိုအစောကြီးပြန်လာရတာလဲ -- ဒါနဲ့ လှည်းတွေ နွားတွေရော --``
`` အေးကွာ -- မပြောကို မပြောချင်ပါဘူး -- ငါတောရောက်လို့ လှည်းက နွားတွေကို ချွတ်လိုက်တာနဲ့
နွားနှစ်ကောင်ဟာ တောင်ပံတွေပေါက်ပြီး မိုးပေါ်ပျံကုန်ကြတယ်ကွာ --``
ဒီတော့မိန်းမက သူ့ဝစီအတိုင်း --
`` ဟုတ်လား -- ကျွန်မအစကတည်းက ထင်တော့ထင်သားဘဲ --
ဒီနွားနှစ်ကောင် ဒီနေ့မနက်မြင်ရတာ ထူးဆန်းနေ
သလားလို့ လို့ ပြောလိုက်ရော
``ဒီတော့ ယောင်္ကျားဟာ လက်ထဲက အသင့်ကိုင်ထားတဲ့ နွားနှင်တံနဲ့ မိန်းမကိုလှိမ့်ရိုက်ပြီး -- ပါးစပ်ကလဲ --
``ထင်ဦးကွာ -- ထင်ဦးကွာ မင်းဒီသောက်ကျင့် က
မပျောက်နိုင်ဘူး -- နွားတောင်ပံပေါက်ပြီး ကောင်းကင်ပျံတယ်လို့
ပြောတာ ဖြစ်နိုင် မဖြစ်နိုင်မစဉ်းစား ဘဲ သူဘဲကြိုသိသလိုလို ဒီသောက်ကျင့်ကမဖျောက်ဘူး --``
ဒီလိုလှိမ့်ပြီး အရိုက်ခံနေရတဲ့ ကြားက သူ့မိန်းမပြောတဲ့စကားကြောင့် သူဆက်ပြီး မရိုက်နိုင်တော့အောင်
စိတ်ဓါတ်ကျသွားတယ် --
သူ့မိန်းမ ပြောလိုက်ပုံက…
``ဒီလိုပြောရင် ဒီလိုအရိုက်ခံရမယ်ဆိုတာ ကျွန်မ အစကတည်းက ထင်တော့ထင်သားဘဲ ဟူသတည်း
( ဓမ္မ အလင်းရောင် )
၅
မြေခွေး နှင့် ကျီးမိုက်
တစ်ခါတုန်းက
ကျီးကန်းတစ်ကောင်ဟာ အမဲသားတစ်တစ်တုံးကို ချီပြီး သစ်ပင်ပေါ်မှာနားနေသတဲ့ အဲဒီအချိန်မှာ မြေခွေးတစ်ကောင် ရောက်လာပြီး ကျီးကန်းကို မြင်သွားတယ်
ပြီးတော့ မြေခွေးက ကျီးကန်းရဲ့ စားဖို့ပြင်နေတဲ့ အမဲသားတစ်ကို စားချင်စိတ်ဖြစ်လာတာပေါ့
ဒီတော့ မြေခွေးက ကျီးကန်းကိုမြှောက်ပင့်စကားတွေ ပြောတော့တာပေါ့
'' အဆွေကျီးကန်း သင်ဟာ အလွန်လှပတာပဲနော် သင့်ရဲ့အမွှေးအတောင်တွေဟာလဲ ချောမွေ့ညက်ညောနေတာပဲ သင့်ရဲ့ခန္ဓာကိုယ်ဟာလဲ ကြည့်လို့ မဝနိုင်အောင်ပါပဲ '' လို့ ပြောလိုက်တော့ ကျီးကန်းဟာ သူ့ကိုယ်သူ ဘဝင်မြင့်သွားပြီး အပျော်ကြီး ပျော်နေတာပေါ့
မြေခွေးက ဆက်ပြောတယ်
'' အဆွေကျီးကန်း သင့်ရဲ့အသံကို မကြားဖူးပေမယ့် သင်ရဲ့အသံဟာလည်း သာယာနာပျော်ဖွယ်လေး ဖြစ်နေမှာပဲနော် သင်ဟာ တိရိစ္ဆာန်တွေထဲမှာ အင်မတန်မှ ထူးခြားလှပါပေတယ် သင့်အသံလေးကို ကြားဖူးချင်လိုက်တာ '' လို့ မြှောက်ပင့်စကားတွေနဲ့ တန်ဆာဆင်ပြီးလဲ ပြောလိုက်ရော ကျီးကန်းမှာ ပီတိတွေဖြစ်သွားပြီး မြေခွေးပြောတဲ့စကားဟာ မှန်မှာပဲလို့ သူတွေးမိနေတယ်
ဒါကြောင့် '' ငါ့အသံဟာ သိပ်ကောင်းပါလားဆိုတာကို မြေခွေးကို သက်သေပြရမယ် '' ဆိုပြီး ကျယ်ကျယ်လောင်လောင်နဲ့ အ . အ. အ ဆိုပြီး အော်တော့တာပေါ့
ဒီတော့ ကျီးကန်းပါးစပ်မှာ ကိုက်ချီထားတဲ့ အမဲသားတုံးဟာ ပါးစပ်ဟလိုက်တော့ ပြုတ်ကျပြီး အောက်ကို ကျသွားခဲ့တော့တယ်
အောက်မှာ အသင်စောင့်နေတဲ့ မြေခွေးကလဲ
ကျလာတဲ့ အမဲသားတုံးကို ချက်ချင်းပဲ ပလုတ်ပလောင်း စားပစ်လိုက်တော့တယ်
ပြီးတော့မှ အမြှောက်အပင့်ကြိုက်တဲ့ ကျီးကန်းကို လှည့်စားနိုင်ခဲ့ပြီးဆိုပြီး အလွန်သူ့ကိုယ်သူ အလွန်ကျေနပ်ဖြစ်ကာ တောထဲကို ဝင်ပြေးသွားတော့သတဲ့ကွယ်
=========================
ဒါကြောင့် မိတ်ဆွေတို့လဲ
တစ်ဖက်လူရဲ့ ပြောစကားဟာ
သူ့အကျိုးကို မျှော်ကိုးလို့ မြှောက်ပင့်တာလား
တကယ်ကိုယ့်မှာ ရှိနေတဲ့ အရည်အချင်းကို ချီးမွန်းတာလားဆိုတာ ခွဲခွဲခြားခြား သိနိုင်ကြပါစေ
့
18 - 3 - 2017
( ဓမ္မ အလင်းရောင် )
၆
အီစွတ် ပုံပြင်
တစ်ခါက •••
စပျက်သီးပင် တစ်ပင်အနီးမှာ
မြေခွေးတစ်ကောင် နေထိုင်ပါသတဲ့
တစ်နေ့
စပျက်သီးတွေ သီးမှည့်လာချိန်မှာ
မြေခွေးဟာ စပျက်သီးပင်ကို မော့ကြည့်ပီး
"ဒီ စပျက်သီးတွေဟာ အရမ်းချိုမှာပဲ" လို့
တွေးကာ စားချင်စိတ် ဖြစ်ပေါ်လာတာပေါ့
ဒါနဲ့ပဲ
စပျက်သီးတွေ ပြွတ်သိပ်အောင် သီးနေလို့
ညွှတ်ကျနေတဲ့ စပျက်ကိုင်းကို
ခုန်ပီး နှုတ်သီးနဲ့ လှမ်းဆွဲသတဲ့
စပျက်ကိုင်းကို မှီလုမှီချင် ဖြစ်လေလေ
"စပျက်သီးဟာ စားလို့ အရမ်းချိုမှာပဲ ဆိုတဲ့
လောဘတွေက ငယ်ထိပ် ရောက်လာလေလေပေါ့"
ဒါပေမယ့်
မြေခွေးဟာ စပျက်ကိုင်းကို မှီအောင်
မခုန်နိုင်ခဲ့ပါဘူး
ကြာလာတော့ အားအင်တွေကုန်ခမ်းကာ
မောပမ်းလို့ လာတော့တာပေါ့
"နောက်ဆုံးတော့ စပျက်သီး စားချင်စိတ်ကို
လုံးဝ လက်လျှော့လိုက်ရတယ်လေ"
ဒီတော့မှ မြေခွေးလဲ
သူ့ခေါင်းထဲကို အတွေးတစ်ခု ဝင်လာခဲ့တော့တယ်
" တကယ်တော့ စပျက်သီးဟာ မချိုပါဘူး
ချဉ်တဲ့အမျိုးပါလေ ဒီစပျက်သီးလဲ ချဉ်မှာပါ တဲ့"
ပြီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
# မှတ်ချက်
တကယ်တော့
ကျွန်ုပ်တို့ လူသားတွေဟာလဲ အီစွတ် ပြောတဲ့ မြေခွေးနဲ့
သိပ်ပီး မထူးခြားလှပါဘူး
ကိုယ် ရယူချင် ပိုင်ဆိုင်ချင်တဲ့ အချိန်
ကိုယ်ကြည်ဖြူနေတဲ့ အချိန်တုန်းကတော့
"ဒါဟာ ကောင်းတယ် / ဒါဟာ မှန်တယ် / ဒီစပျက်သီးဟာ ချိုမှာပဲလို့ အထင်နဲ့ လိုချင်ရယူချင်ကြပြီး
တကယ်လဲ လက်လွှတ်ဆုံးရှုံးရမယ်ဆိုရော
"ဒါဟာ မကောင်းပါဘူး / ဒါဟာ အမှန်မဟုတ်ဘူး" လို့
မြင်မိကာ
ဒီစပျက်သီးဟာ ချဉ်မှာပါ ဆိုပီး
ဖြေသိပ်တတ်ကြတာကို လူတစ်ချို့မှာ ဖြစ်တတ်ကြပါတယ်
ဓမ္မ အလင်းရောင်
( 19 . 8 . 2016 )
၇
တစ်ခါက
နွားနို့သည်မတစ်ဦးဟာ
ချိုမြိန်လတ်ဆတ်တဲ့ နွားနို့တွေ အပြည့်ထည့်ထားတဲ့ နို့ပုံးကို
ခေါင်းပေါ်ရွက်ပြီး နွားနို့ရောက်းဖို့ ထွက်လာခဲ့တယ် ။
သူမဟာ လမ်းလျှောက်နေရင်းနဲ့ နွားနို့ရောင်းလို့ ရတဲ့ပိုက်ဆံတွေနဲ့ ဘာတွေဝယ်ရမလဲဆိုတာ စီမံကိန်းတွေချနေတယ် ။
ဒီနွားနို့တွေရောင်းလို့ ငါပိုက်ဆံတွေရလာတဲ့အခါ ကြက်ဥတွေ ဝယ်မယ် ။
ပီးတော့ ကြက်ဥတွေကို ကြက်မအိုကြီးရဲ့ဝပ်ကျင်းထဲ ထည့်ထားပေးမယ် ။
ကြက်မကြီး ဝပ်ပြီဆိုရင် ကြက်ဥလေးတွေက အကောင်ပေါက်လာမှာပဲ ။ ကြက်ပေါက်စလေးတွေကို အစာတွေဝအောက်ကျွေးပြီး ဝဝတုတ်တုတ်ကြက်မကြီးတွေ ဖြစ်လာတဲ့အထိ ငါမွေးရမယ် ။
ပြီးတော့ ငါ့ရဲကြက်မကြီးတွေကို ရောင်းပြီးရင်
ငါ ငွေတွေအများကြီးရမယ် ။
ရရင် ငါဝတ်ဖို့ အကျီင်္အသစ်လှလှလေး တစ်စုံဝယ်ပြီး ဝတ်ရင်တော့ ငါဟာ အရမ်းကို လှပသွားမှာပဲ
ဒီအခါ ခပ်ချောချောယောက်ျားလေးတွေက
ငါ့ကို ကြည့်ကြမှာပဲ
" ဒီမိန်းကလေးဟာ သိပ်လှတာပဲ " လို့
သူတို့စိတ်ထဲမှာတွေးပြီး ငါနဲ့ တွဲချင်စိတ်တွေ ဖြစ်လာမှာပဲ
ဒါပေမယ့် ငါကတော့ သူတို့ကို အရေးမလုပ်ပါဘူး|
မကြည့်ဘူး| ပြန်မကြည့်ဘူး| ခေါင်းလေးကိုမော့ပြီး
သူတို့ကို ရှောင်ကွင်းသွားမှာပေါ့
အဲသလို စိတ်ကူးနေရင်းနဲ့ နွားနို့သည်ဟာ ခေါင်းကို မော့ပစ်လိုက်တယ် ။ သူ့ခေါင်းပေါ်မှာ နွားနို့အိုး ရွက်ထားတာကိုလဲ လုံးဝ မေ့နေခဲ့တယ် ။
ခေါင်းမော့လိုက်တော့ နို့ပုံးဟာ ခေါင်းပေါ်ကပြုတ်ကျသွားပြီး လမ်းပေါ်ကို နွားနို့တွေအကုန်းလုံး ဖိတ်စင်ကုန်တော့တာပေါ့
ဒီအခါမှ မိန်ကလေးးက
အို•• အို••
`` ကြက်ဥတွေ…
ကြက်ပေါက်စလေးတွေ…
ကြက်မကြီးတွေ… အဝတ်အစားအသစ်လေးတွေ…
ငါ့ကိုကြိုက်မယ့် ကောင်လေးချောချာလေးတွေ…
အားလုံးကုန်ပါပြီ ´´ လို့ ဆိုပြီး နွားနို့သည်မဟာ ဝမ်းနည်းပက်လက် ငိုကြွေးနေရှာတော့ သတဲ့ကွယ်။
ဒါကြောင့်
အရာအားလုံးမှာ စိတ်ကူးနဲ့ လက်တွေ့
တစ်ထပ်ထဲ မကျနိုင်သေးတဲ့ အချိန်မှာ
စိတ်ကူးနဲ့ လက်တွေ့ကို မရောယှက်မိပါစေနဲ့လို့
ဒီပုံပြင်လေးနဲ့ ဖော်ပြလိုက်ပါတယ် ။
၂၀-၂-၂၀၁၇
( ဓမ္မ အလင်းရောင် )
၈
တစ်ခါတုန်းက
တိရိစ္ဆာန်ရုံတစ်ခုမှာပေါ့........
ဝက်ဝံတစ်ကောင်သေသွားတော့ အစားထိုးဖို့ ဝက်ဝံ
မရှိဘူးဖြစ်နေတယ်တဲ့
ဒါနဲ့ တိရစ္ဆာန်ဥယဉ်မှူးက လူတစ်ယောက်ကို
တစ်နေ့ ၃၀၀၀/နဲ့ နေ့စားငှား ပြီးတော့ ၀က်ဝံသားရေကို
ခြုံခိုင်းပြီး ၀က်ဝံအတုလုပ်ခိုင်းတာပေါ့.....
တစ်ရက်ကျတော့ ဧည့်သည်များရောက်နေတုန်းမှာ
တိရိစ္ဆာန်ဥယဉ်မှူးက
`` ၀က်ဝံလေးရေ
လူများတုန်း နောက်ကျွမ်းထိုးပြလိုက်ပါ´´ ဆိုတော့
ဝက်ဝံလေးက ကျွမ်းထိုးတာအရှိန်လွန်ပြီး ကျားခြံထဲ ရောက်သွားပါလေရောတဲ့
ကျားကလဲ ဝက်ဝံလေးအနားကို ကပ်လာနေပြီ
သူက ၀က်ဝံဟန်ဆောင်ထားတဲ့လူဆိုတော့
ကြောက်တာပေါ့ အသားတွေကလဲ တုန်နေတာပဲတဲ့...
ကျားကသူ့ကို ခြေထောက်ကနေ စပီးနမ်းကြည့်နေတယ်...
ဟန်ဆောင်ထားတဲ့ ဝက်ဝံလေးခမျာ
သူ့ကို ကျားက ကိုက်တော့မယ်ထင်တာပေါ့ ကြောက်လွန်း အသားတွေလဲ တဆတ်ဆတ့် တုန်နေပြီတဲ့..
ကျားက သူ့နားရွက်နားကို လာနမ်းတယ်
ပြီးတော့ သူ့ကိုတိုးတိုးလေး စကားပြောသွားတယ်တဲ့....
`` မကြောက်ပါနဲ့ကွာ ငါလဲမင်းလို
တစ်ရက် ၃၀၀၀/ စားပဲကွ.... ´´ ဟူသတည်းး
=============================
( မနေ့ကမှ friend ဖြစ်သော "မိတ်ဆွေတစ်ဦး" ၏
ဘေလ် ၃၀၀၀/ အလှူ ဖြင့် ရေးသည် ။)
27 - 2 - 2017
( ဓမ္မ အလင်းရောင် )
အင်းးးး ငါ… အကြံရပြီ •••
တစ်ခါတုန်းက
အလွန်မေ့တတ်တဲ့ ''ကိုသာပု''ဆိုတဲ့ လူတစ်ယောက်ရှိသတဲ့
တစ်ညမှာ ''ကိုသာပု''ဟာ
မနက်လင်းရင် သူဘာလုပ်မယ်ဆိုတာကို
စဉ်းစားသတဲ့
တစ်ညလုံး စဉ်းစားလိုက်တာ သန်းခေါင်ယံလောက်ရောက်တော့
မနက်လင်းရင် သူဘာလုပ်ရမယ်ဆိုတာကို
အကြံရသွားသတဲ့
အကြံရပီဆိုတာနဲ့ မီးခွက်လေးမှုတ်ပီး အိပ်လိုက်တာပေါ့
အလွန်မေ့တတ်တဲ့ ''ကိုသာပု''ဟာ
မနက်ရောက်တော့
ညက စဉ်းစားထားတဲ့အကြံဟာ မေ့သွားသတဲ့ကွယ်
ဒီလိုနဲ့ ညမှာသူဘာလုပ်ရမလဲဆိုတာ စဉ်းစားလိုက်
မနက်ရောက်ရင် မေ့သွားလိုက်နဲ့ ဖြစ်လာလိုက်တာ
ရက်သာအတော်ကြာသွားတယ်
ဘာအလုပ်မှ မလုပ်ရသေးဘူးတဲ့ကွယ်
ဒါကြောင့် တစ်နေ့မှာ
ညက စဉ်းစားထားတဲ့အကြံကို
မနက်ရောက်ရင် မမေ့အောင်ဆိုပြီး
သူစဉ်းစားနေတဲ့အချိန်မှာ ကက်ဆက်တစ်လုံးကိုဖွင့်ပြီး အသံဖမ်းထားလိုက်တယ်
ညသန်းခေါင်လောက်ရောက်တော့ ထုံးစံအတိုင်း မနက်ဘာလုပ်ရမလဲဆိုတာ အကြံရသွားတယ်တဲ့
ဒါနဲ့ သူလဲ ``အင်းးးး ငါအကြံရပီး ´´ ဆိုပီး
ကက်ဆက်ကိုပိတ်ပြီး အိပ်လိုက်တာပေါ့
မနက်ရောက်တော့ သူဟာ အရမ်းပျော်ရွှင်နေတယ်
ညကအကြံကို မမေ့တော့ဘူး ဆိုပီးတော့ပေါ့
မနက်လင်းလာတဲ့အခါ
ညကအကြံကို အသံဖမ်းထားတဲ့ ကက်ဆက်ကို
ပြန်ဖွင့်ကြည့်တဲ့အခါ
ကက်ဆက်က ထွက်လာတဲ့ အသံက
``အင်းးးးးး ငါအကြံရပီ ´´ ဟူသတည်းးးးးး
၁၈ - ၂ - ၂၀၁၇
( ဓမ္မအလင်းရောင် )
၁၀
••• သစ်ပင် ရေးတဲ့ ဖူးစာ •••
ဟိုးရှေးရှေးတုန်းက
သူဋ္ဌေးကြီးတစ်ယောက်မှာ အင်မတန်မှ ချောမောလှပတဲ့ သမီးလေးတစ်ယောက်ရှိသတဲ့...
သူဋ္ဌေးကြီးကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ.....
ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့.....
ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့.....
ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့....
အဲဒီပန်းဥယျဉ်ကြီးဟာ.....သာယာလှပလွန်း လို့ မြင်သူတိုင်း ငေးရတယ်ဆိုပဲ.....
အဲဒီပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း ငယ်ငယ်ချောချောလေးတဲ့......
ဒီလိုနဲ့ ရဲတိုက်မှာ အဖော်မရှိပဲ တစ်ယောက်ထဲ နေရတဲ့မင်းသမီးလေးဟာ....
ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကို ငေးငေးကြည့်နေမိသတဲ့....
ဥယျဉ်မှုးလေးကလည်း ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း .....
သူ့ ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော...
မြင်မြင်ချင်း ချစ်တယ်ဆိုတာ အဲဒီက စတာပဲ ထင်ပါရဲ့
ဒီလိုနဲ့ တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်တွေ ပိုပီး ချစ်သူတွေ ဖြစ်သွားကြပါရောတဲ့.......
သိပ်မကြာပါဘူး သူဋ္ဌေးကြီးက အဲဒီအကြောင်းကို သိသွားခဲ့တယ်....
သိ သိ ချင်းပဲ သူသမီးလေးကို ရဲတိုက်ရဲ့ ဟိုး အမြင့်ဆုံးဖြစ်တဲ့ ဘုံ ခုနစ်ဆင့် မြင့်တဲ့ အထပ်ကို ပို့လိုက်ပါရောတဲ့
အဲဒီအချိန်က စ ပြီး မင်းသမီးလေး နဲ့ ဥယျာဉ်မှုးလေးဟာ တစ်နေ့မှ မတွေ့ကြရတော့ဘူးတဲ့
ဥယျာဉ်မှုးလေးကလည်း မင်းသမီးလေးရှိတဲ့ ဘုံခုနစ်ဆင်ကို ရောက်ဖို့အကြံထုတ်ရတော့တာပေါ့
ဒီလိုနဲ့ ဥယျဉ်မှုးလေးဟာ....
သစ်ပင်လေးတစ်ပင်ကို ယူပြီး မင်းသမီးလေးနေတဲ့ရဲတိုက်နားမှာ စိုက်သတဲ့...
ပြီးတော့ သူ့အချစ်တွေသာ စစ်မှန်တယ်ဆိုရင်.....
ဒီသစ်ပင်လေးဟာ နေချင်းညချင်း ကြီးလာပါစေဆိုပြီး ဆုတောင်းသတဲ့.....
သူ့သစ္စာက မှန်တော့ အပင်လေးဟာ ကြီးလာလိုက်တာ သုံးရက်ကြာတဲ့အချိန်မှာပဲ ဘုံ ငါဆင့်ကို ရောက်သတဲ့...
ဥယျဉ်မှုးလေးဟာ သစ်ပင်ပေါ်တက်.... ပြီတော့ထပ်ဆုတောင်းတော့……
သစ်ပင်လေးဟာ ထပ်ကြီးလာပြီး ဘုံ ခြောက်ဆင့်ကို ရောက်ပြန်သတဲ့...
မင်းသမီးလေးကလဲ သူ့ ချစ်သူလာပြီဆိုတော့ ပျော်တာပေါ့......
ဒါနဲ့ ဥယျဉ်မှူးလေးဟာ နောက်ဆုံးတစ်ဆင့်ကို တက်မယ်ဆိုပြီး.....ဆုထပ်တောင်းဖို့ အလုပ်မှာပဲ.......
.......
...............
...........................
စည်ပင်က ဓာတ်ကြိုးနဲ့ မလွတ်လို့ ဆိုပြီး လာခုတ်သွားပါလေရောတဲ့ကွယ်......
ပုံပြင်လေးကတော့ ဒါပါပဲကွယ်......
( ဓမ္မအလင်းရောင် )
၁၁.
``မျက်နှာကြီးရာ ဟင်းဖတ်ပါ´´
တစ်ခါတုန်းက
ရွာတစ်ရွာမှာ ကိုဒီးဆိုတဲ့ လူတစ်ယောက်ရှိတယ်။
တစ်နေ့မှာ ကိုဒီးဟာ ခရီးသွားရင်း မျက်စိလည် လမ်းမှားပြီး
လမ်းစရိတ်တွေပြတ်ကာ
အစာရေစာကလည်း မစားရနဲ့ အဝတ်အစားတွေကလည်း စုတ်ပြတ် ညစ်ပေနေတာပေါ့
ဒီလိုနဲ့
“ငါ့ဝမ်းပူဆာ မနေသာ” ဆိုသလို ဗိုက်ဆာဆာနဲ့ နီးစပ်ရာ ရွာလေးတွေဆီ တစ်အိမ်ဝင် တစ်အိမ်ထွက် စားစရာလိုက်တောင်း တော့တယ်။
“ကျွန်တော့်ကို စားစရာလေး နည်းနည်း လောက်ကျွေးပါခင်ဗျာ ကျွန်တော် ခရီးသွားရင်း လမ်းစရိတ်ပြတ်လာလို့ပါ ”
လူတွေက သူရဲ့ ဟောင်းနွမ်းစုတ်ပြဲနေတဲ့
အ၀တ်အစားတွေကို ကြည့်ပြီး ဒီလူ အရူးပဲလို့
ထင်ခဲ့ ကြတော့တယ်။
တစ်အိမ်ကဆို သူ့ကို “ဝေးဝေး သွားစမ်း”လို့ အော်ဟစ်ပြီး မောင်းနှင်ထုတ်ခဲ့တယ်။
ဒါကြောင့် တစ်နေ့လုံး ကိုဒီးတစ်ယောက် ဘာကိုမှ မစားရဘူး။
နောက်တစ်နေ့ရောက်တော့
သူဌေးတစ်ယောက်က လမ်းမှာလျှောက်သွားနေတဲ့ ကိုဒီးကို အင်မတန်မှ တန်ဖိုးရှိတဲ့ အ၀တ်အစားတစ်စုံ ပေးကမ်းလိုက်တယ်။
တန်ဖိုးကြီး အ၀တ်သစ်တွေကိုဝတ်ပြီး အရင်နေ့လိုပဲ ကိုဒီး စားစရာ ရလိုရငြား လိုက်တောင်းခဲ့ပြန်တယ်။
မနေ့က သူ့ကို အော်ခဲ့တဲ့ အိမ်ရောက်တော့ ကိုဒီးလည်း “ဒီနေ့ ထပ်တောင်းကြည့်ဦးမှ”လို့ စိတ်ကူး ရပြီး –
“ကျွန်တော့်ကို စားစရာလေး နည်းနည်း လောက်…” ကိုဒီးပြောစကားမဆုံးခင်မှာပဲ အိမ်ရှင်က-
သူ့ရဲ့ ဝတ်စားထားပုံကို ကြည့်ပြီး
“ကြွပါခင်ဗျာ . .
ဘယ့်နှယ် တံခါးအ၀မှာ ရပ်နေရပါလိမ့်. .
အိမ်ထဲကို ၀င်ပါခင်ဗျာ”လို့ တရိုတသေ ပြောပြီး စားစရာတွေနဲ့ တည်ခင်းဧည့်ခံပါ တော့တယ်။
စားပွဲပေါ်မှာ စွပ်ပြုတ်မျိုးစုံ၊ အချိုပွဲတွေ၊ ထမင်းဟင်းတွေ အပြည့်. .
ကိုဒီးလည်း အရင်ဆုံး ဆုတောင်းမေတ္တာ ပို့သလိုက်ပြီး မုန့်တစ်ခုကို လက်နဲ့လှမ်းယူပြီး သူ့အ၀တ် အစားတွေကို ကျွေးခဲ့တယ်။
“စား…စား…”
အိမ်ရှင်က ကိုဒီးရဲ့ အပြုအမူမြင်တော့-
“မဟုတ်တာဗျာ . . အ၀တ်အစားက ဘယ်စားပါ့မလဲ၊ ဘာကြောင့် ကျွေးရတာလဲဗျာ”လို့ မေးတဲ့အခါ ကိုဒီးက မျက်ရည်တွေတွေကျပြီး ပြန်ဖြေခဲ့တယ်။
“ဒီအ၀တ်အစား သစ်သစ်လွင်လွင်နဲ့ တန်းဖိုးရှိလွန်းတာကြောင့် ကျွန်တော် ဒီနေ့ စားစရာ ရခဲ့တာပါ. .
မနေ့က ကျွန်တော် ဒီအိမ်ကို အစာနည်းနည်းလောက် လာတောင်းတုန်းက ခွေးမောင်းသလို မောင်းထုတ်ခံ ခဲ့ရတယ်. . ဒါကြောင့် ဒီအ၀တ်အစားတွေကို ကျွန်တော် ကျေးဇူးတင်လွန်းလို့
သူနဲ့ ထိုက်တန်တဲ့အစာတွေကို ကျွေးနေတာပါ ဗျာ” တဲ့
စာစုက ပေးချင်သော သင်ခန်းစာ
လူအများစုဟာ တစ်ပါးသူရဲ့ အပေါ်ယံ အပြင်အဆင်ကို ကြည့်ပြီး
အဆင့်အတန်း ခွဲခြားတတ် တယ်
``မျက်နှာကြီးရာ ဟင်းဖတ်ပါ´´ ဆိုတာကို ဒီစာစုလေးနဲ့ မျှဝေပေးလိုက်ပါတယ် ။
( ဓမ္မ အလင်းရောင် )
၁၂
ဘာကြောင့် ဝမ်းနည်းနေမှာလဲ
*********************
တစ်ခါက
တောအုပ်ကြီးတစ်ခုမှာ မျောက်တွေဟာ အုပ်စုဖွဲ့ပြီး နေထိုင်ကြပါတယ်
တနေ့မှာ
မိုးသက်လေပြင်းတွေ ကျရောက်ပြီး
မျောက်တွေဟာ သေကြေပျက်စီကြရတယ်
ဒီတော့ ကျန်ခဲ့တဲ့မျောက်တွေက ဒီအဖြစ်အပျက်ကို ဝမ်းနည်း ပူဆွေးပီး တစ်မှိုင်မှိုင် ဖြစ်နေကြတယ်တဲ့
ဒါကြောင့် မျောက်မင်းကြီးက သောကတွေဖိစီးပြီး ငိုကြွေးနေကြသော
မျောက်တွေကို အားပေးစကားပြောရန် စုဝေးခိုင်းပီးတော့
မျောက်မင်းကြီးက ဟာသတစ်ခုကိုစပြောပါတယ်
မရီပဲ မနေနိုင်အောင် စိတ်ဝင်စားဖို့ကောင်းတဲ့ ဟာသ တစ်ခုဖြစ်တဲ့ အတွက် မျောက်တွေအားလုံး ဆူညံပွတ်လောရိုက်အောင် ရယ်မောနေကြတယ်
ရယ်သံတွေရပ်သွားတော့မှ မျောက်မင်းကြီးက အဲဒီဟာသကိုပဲ နောက်တစ်ခေါက် ထပ်ပြောပြတယ်
ပထမဆုံး ပြောပြတုန်းကလောက် မရယ်ကြတော့ပေမဲ့ အနည်းငယ်မျှတော့ ရယ်မောကြပါသေးတယ်
နောက်တစ်ခါ မျောက်မင်းကြီးက အဲဒီဟာသကိုပဲ ထပ်ပြီးပြောပြန်တယ် ရယ်မဲ့သူမရှိတော့ပါ
မျောက်တွေအားလုံး မရယ်ကြတော့ပါဘူး
အဲ့ဒီချိန်မှာ မျောက်မင်းကြီးက ပြုံးပီးတော့
မျောက်အပေါင်းတို့
ရယ်စရာပြောပြတာတောင် ထပ်ခါထပ်ခါ မရယ်နိုင်ကြဘူးနော် တဲ့
ဝမ်းနည်းစရာတွေကိုတော့ ဘာကြောင့် ထပ်ခါထပ်ခါ ကြေကွဲနေကြတာလဲ
ဝမ်းနည်းစရာက ခင်ဗျားတို့အတွက် သိပ်ကိုခံစားလို့ကောင်းတဲ့အရာဖြစ်နေသလား
ဘာကြောင့်ထပ်ခါထပ်ခါ ငိုကြွေးနေကြသလဲလို့ပြောလိုက်တယ် .....
ဒီတော့မှ မျောက်တွေအားလုံးဟာ အသိဝင်သွားပြီး
ဝမ်းနည်းပူဆွေးပီးတော့ မနေကြတော့ပဲ
ဘဝက ပျော်ပျော်ကြီး နေထိုင်သွားကြပါသတဲ့
------------
( ပုံပြင်လေးက အဓိပ္ပါယ် = ထင်ရှားပီ )
ကြိုးစားပါဦးမည်
( ဓမ္မ အလင်းရောင် )
၁၃
" အာဇာနည်မြင်း "
တခါက
တစ်နေ့ကို မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းပျိုလေးတစ်ကောင်ရှိတယ်၊
သူ့ရဲ့အရည်အချင်းကိုဖော်ထုတ်ပြသဖို့ အခွင့်အရေးကိုစောင့်နေတယ်။
.
ကုန်သည်ကလာပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´
မြင်းကခေါင်းခါပြီးပြောတယ်၊
`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘာဖြစ်လို့ ကုန်သည်နောက်လိုက်ပြီး ကုန်ထမ်းရမှာလဲ ? ´
.
စစ်သားကလာ ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´
မြင်းကခေါင်းခါပြီးပြောတယ်၊
`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘာဖြစ်လို့ သာမာန်စစ်သားတစ်ယောက်နောက်လိုက်ပြီး တိုက်ပွဲဝင်ရမှာလဲကွ? ´
.
မုဆိုးကလာ ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား´
မြင်းကခေါင်းခါပြီးပြောတယ်၊
`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို မုဆိုးနဲ့အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ? ´
.
ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားသည်၊ ဒီမြင်းတစ်ကောင် သူနဲ့တန်သည့်အလုပ်ရှာမတွေ့သေးဘူး။
.
တစ်နေ့ ဘုရင်မင်းမြတ်အမိန့်နဲ့ စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကိုလိုအပ်ကြောင်း နေရာအနှံ့ကြော်ငြာစာများကပ်ကာ လိုက်ရှာလေသည်၊
အာဇာနည်မြင်းက စစ်သူကြီးဆီသွားတွေ့ပြီး ပြောတယ်၊
` ကျနော်က ခင်ဗျားတို့ရှာနေတဲ့ အာဇာနည်မြင်းပါ´
စစ်သူကြီးကပြန်မေးလိုက်တယ်၊
` ဒါဆို မင်းငါတို့တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့ လမ်းတွေကို နှံ့စပ်အောင် ရောက်ဖူးလား '
မြင်းက ခေါင်းခါတယ်၊
စစ်သူကြီးက ထပ်မေးပြန်တယ်၊
` ဒါဆို မင်းစစ်ပွဲဝင်ဖူးသလား.. စစ်ပွဲအတွေ့အကြုံရှိသလား ´
မြင်းက ခေါင်းထပ်ခါတယ်၊
စစ်သူကြီးကထပ်မေးတယ်၊
` ဒါဆို မင်းတောထဲတောင်ထဲမှာ သားကောင်တွေနဲ့တွေ့တဲ့အခါ သခင့်အတွက် ရင်ဆိုင်တိုက်ခိုက်ပြီး ရုန်းထွက်ခဲ့ဘူးလား ´
မြင်းက ခေါင်းထပ်ခါတယ်၊
စစ်သူကြီးကပြောတယ် ` ဒါဆို မင်းဘာအသုံးကျသေးသလဲ´
မြင်းကပြောတယ် `
ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင်ပြေးနိုင်ပြီး ညဘက်ဆို မိုင် ၈ရာပြေးနိုင်ပါတယ် ၊
စစ်သူကြီးက
ဒါဆို အစမ်း စီးကြည့်မယ်ဆိုပီး မြင်းပေါ်ခွတက်စီးလိုက်တယ်၊
မြင်းကလဲ အားစိုက်ပြီး တစ်ဟုန်ထိုးပြေးတာပေါ့ ၊ ဒါပေမယ့် ၁၀လှမ်းလောက်ပဲပြေးရသေးတယ်၊ အမောဟိုက်ပြီး ကျောမှာချွေးတွေထွက်လာတယ်၊
စစ်သူကြီးက
`မင်းအိုသွားပြီ... မပြေးနိုင်တော့ဘူး´
ဟုဆိုကာ စစ်သူကြီးပြန်လှည့်ထွက်သွားသည်၊
.
မှတ်ချက်
အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ မပြေးခဲ့ရလားလို့ နောင်တမရပါနဲ့၊
.
လှေက ကမ်းမှာကပ်ထားရင် အန္တာရယ်အကင်းဆုံးပဲ၊
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။
.
လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက် မဟုတ်ဘူး။
.
ဒါ့ကြောင့် အရေးကြီးတာ မနေ့ကသင်ဘယ်သူလဲမဟုတ်ပါဘူး၊ ဒီနေ့သင်ဘယ်သူလဲဆိုတာပါ၊
.
ပိုပြီးအရေးကြီးတာ ဒီနေ့သင်ဘာလုပ်သလဲ.. မနက်ဖြန် သင်ဘာဖြစ်မလဲဆိုတာပါ
၁၄
တစ်ခါတုန်းက
သူငယ်ချင်းနှစ်ယောက်ဟာ
တောအုပ်တစ်ခုကို ဖြတ်ပြီး ခရီးအတူတူ ထွက်လာခဲ့ကြသတဲ့
ပီးတော့ သူတို့ဟာ " လမ်းမှာ ဘေးအန္တရာယ် တစ်ခုခုကြုံလာခဲ့ရင် တစ်ယာက်ကိုတစ်ယောက် စောင့်ရှောက်ကြစတမ်း " လို့ ကတိပြုထားကြသတဲ့ ။
ဒီလိုနဲ့ ခရီးထွက်လာလိုက်ကြတာ
တောအုပ်တစ်ခုရဲ့ အလယ်လောက် ရောက်တော့ ဝက်ဝံကြီးတစ်ကောင်နဲ့ ထိပ်တိုက် ဆုံမိကြပါလေရောတဲ့ ။
ဒါနဲ့ သူတို့ထဲက တစ်ယောက်က သစ်ပင်တက် အလွန်ကျွမ်းကျင်တာပဲတဲ့
သူက သစ်ပင်တက်ကျွမ်းကျင်တော့
နီးရာသစ်ပင် တစ်ပင်ပေါ်ကို ချက်ချင်းပဲ ပြေးတက်ပီး ရှောက်ပုန်းနေလိုက်သတဲ့ ။
ကျန်တစ်ယောက်ကတော့ သစ်ပင်ပေါ်လဲ မတက်နိုင်တာနဲ့ မြေပေါ်မှာ ဝမ်းလျှားမှောက်ပြီး အသက်မရှူပဲ သေဟန်ဆောင်နေလိုက်သတဲ့ ။
ဝက်ဝံလဲ သေဟန်ဆောင်နေတဲ့သူကို ဟိုဟိုဒီဒီ နမ်းရှုံ့ကြည့်ပြီး တကယ်ပဲ လူသေထင်ပြီး ရန်မပြုပဲ တောထဲကို ပြန်ဝင်သွားတော့တာပေါ့ ။
အတန်ကြာတော့လို့ အန္တရာယ်က လွတ်မြောက်ပီဆိုမှ သစ်ပင်ပေါ်တက်သွားတဲ့ သူငယ်ချင်းက ပြန်ဆင်းလာပြီး မြေပေါ်မှာ သေဟန်ဆောင်နေတဲ့ သူငယ်ချင်းကို " ဝက်ဝံက မင်းကို ဟိုနမ်းဒီနမ်း လုပ်ပြီးတော့ နားနားလေးမှာ တိုးတိုးလေး ပြောသွားတာက ဘာပြောသွားတာလဲလို့ " မေးသတဲ့
ဝက်ဝံက အသက်ရှူလား မရှူလားလို့ နမ်းကြည့်သွားတာကို သူက စကားပြောသွားတာလို့ ထင်နေတာပေါ့ ။
ဒီတော့ သေဟန်ဆောင်နေတဲ့ သူငယ်ချင်းကလဲ
" တခြားတော့ မဟုတ်ပါဘူးကွာ ဝက်ဝံက နောက်တစ်ခါ ခရီးသွားရင် အန္တရာယ်ကြုံလာတဲ့အခါ မင်းလိုမျိုး တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်လွတ်ရုန်းတတ်တဲ့ သူငယ်ချင်းမျိုးနဲ့ ဘယ်တော့မှ ခရီးအတူတူ မသွားနဲ့တဲ့
အဲလိုလူမျိုးကို ပေါင်းဖော်မှုပြုမိရင် မင်းပဲ ဒုက္ခရောက်လိမ့်မယ် တဲ့
အဲလိုပြောသွားတယ်ကွ "လို့
ခတ်တည်တည်နဲ့ ပြန်ပြောလိုက်သတဲ့ ။
============================
( ငယ်ငယ်ကလဲ
ဆရာသမားတွေက ဆုံးမဖူးတယ်
" ဘဲဥဆို အနှစ်လေးတွေကိုမှ ရွေးစားတတ်တဲ့သူ
ဝက်သားဆို အသားတွေကိုမှ ရွေးစားတတ်တဲ့သူ
ဒီလိုလူတွေဟာလဲ တစ်ကိုယ်ကောင်းဆန်တတ်တဲ့
စိတ်ဓာတ်တွေ ရှိနေတတ်တာကြောင့်
အပေါင်းအသင်း မပြုသင့်ဘူး " တဲ့ )
ဒါကြောင့်
မိတ်ဆွေတို့လဲ ဘယ်လိုအခက်အခဲမျိုးပဲ ရှိနေပါစေ
အတူရင်ဆိုင် ကျော်ဖြတ်ရဲတဲ့ သူမျိုးကိုပဲ
သူငယ်ချင်းအဖြစ် ပေါင်းသင်း သင့်တယ်
ဘဝ လက်တွဲဖော် အဖြစ် ရွေးချယ်သင့်တယ်လို့
အကြံပြုလိုက်ပါတယ်
၁၀ - ၄ -၂၀၁၇
#ဓမ္မအလင်းရောင်
၁၅
လိပ် ပုံပြင်
ဟိုး..ရှေးရှေးတုန်းက
လိပ်မိသားစု တစ်စုဟာ
ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်ကြတယ်တဲ့။
အလွန် နှေးကွေးတဲ့ သတ္တဝါတွေမို့ လိပ်တွေဟာ
ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်တာ
၁ နှစ်တောင် ကြာသွားသတဲ့။
နောက်ဆုံးတော့ လိပ်မိသားစုဟာ အိမ်ကထွက်လာပြီး
သင့်တော်တဲ့နေရာကိုရှာကြတာပေါ့။
ထွက်လာပြီး ၁ နှစ် အကြာမှာတော့
သူတို့အတွက် အကောင်းဆုံးနေရာ တစ်ခုကို
ရှာတွေ့သွားကြပါတယ်။
အဲဒီနေရာကို သန့်ရှင်းရေးလုပ်တာတို့ ပျော်ပွဲစားအတွက်
စားစရာတွေကို ခြင်းတောင်းထဲက ထုတ်ပြီး
ပြင်ဆင်တာတို့ကိုတော့
၆ လအကြာမှာပြီးစီးသွားတယ်တဲ့။
အဲဒီအခါကျမှ
သူတို့ ဆားမေ့ကျန်ခဲ့တာကို သိလိုက်ရပါတယ်။
ဆားမပါတဲ့ ပျော်ပွဲစားက ဘယ်လိုမှ ကောင်းနိုင်မှာ
မဟုတ်ဘူးလို့ သူတို့ထင်နေကြတယ်တဲ့။
အဲဒီကိစ္စကို အကြာကြီး ဆွေးနွေးအပြီးမှာတော့
အငယ်ဆုံးလိပ်ကလေးကို အိမ်မှာ ဆားပြန်ယူဖို့ ရွေးချယ်ပြီး
တာဝန်ပေးလိုက်ကြတာပေါ့။
မိသားစုထဲမှာ အငယ်ဆုံးဖြစ်တဲ့ လိပ်ကလေးဟာ
လူးလှိမ့်ပြီး ငိုယိုပါတော့တယ်။ နောက်တော့ ကတိတစ်ခု တောင်းပြီးမှသွားမယ်လို့ သဘောတူလိုက်တယ် ။
အဲဒီကတိကတော့ "သူပြန်မရောက်မချင်း ဘယ်သူမှ
အစားအသောက်တွေကို မစားရဘူး" ဆိုတဲ့ ကတိပါပဲ။
တစ်မိသားစုလုံးက သဘောတူလိုက်တော့မှ
လိပ်ကလေး ထွက်သွားပါတော့တယ်။
၆ လကြာတဲ့အထိ လိပ်ကလေး ပြန်ရောက်မလာပါဘူး။
၁ နှစ်... ၂ နှစ်...၃ နှစ်မြောက် ကြာလာတဲ့အခါမှာတော့
အသက်အကြီးဆုံး လိပ်ကြီးက
ဗိုက်ဆာတဲ့ဒဏ်ကို မခံနိုင်ရှာတော့ဘူးတဲ့။
ဒါကြောင့် သူတော့ စားတော့မယ်လို့ ပြောပြီး အသားညှပ်ပေါင်မုန့်တစ်ခုကို ယူပြီး ဖွင့်လိုက်တော့တာပေါ့။
အဲဒီအချိန်မှာပဲ လိပ်ကလေးက သစ်ပင်အနောက်ကနေ ရုတ်တရက်ထွက်လာပြီး အော်ပြောလိုက်တယ်တဲ့ ။
"တွေ့လား!
သားကို စောင့်ကြမှာ မဟုတ်ဘူးဆိုတာ သိသားပဲ။
တော်ပြီ ဆား သွားမယူတော့ဘူး..." တဲ့
=============================
လူတချို့ဟာလဲ
သူများတွေ ဘာလုပ်သလဲဆိုတာကို
အလေးထား စိတ်ဝင်စားနေရတာနဲ့ပဲ
ကိုယ်ရဲ့အချိန်တွေကို ဖြုန်းပစ်တတ်ကြပါတယ် ။
━━━━━━━━━━━━━━━━━━━━
ပုံပြင်ရဲ့ ယုတ္တိ အယုတ္တိ ရှိမှု မရှိမှုထက်
ဒီပုံပြင်လေးရဲ့ အနှစ်သာရတွေကို သိမြင်နိုင်ကြပါစေ ။
၅ - ၄ -၂၀၁၇
#ဓမ္မအလင်းရောင်
၁၆
ပုဏ္ဏား ၆ - ယောက် ပုံပြင်
တစ်ခါက…
မျက်စိမမြင်ရတဲ့ ပုဏ္ဏား ၆ ယောက်ဟာ
အရာရာသော အမှုကိစ္စတွေမှာ
ကျွမ်းကျင်လိမ္မာချင်တယ် ဆိုပီး
ဆင်ရဲ့ပုံသဏ္ဍာန်ဟာ ဘယ်လိုလဲဆိုတာ သိအောင်
ဆင်တစ်ကောင်ကို စမ်းသပ်ကြသတဲ့ ။
(၁) ပထမ ပုဏ္ဏားက
ဆင်ရဲ့ကျယ်ဝန်းတဲ့ နံဘေးကို စမ်းမိပြီးတော့
''ဆင်ဟာ အုတ်နံရံ တံတိုင်းနဲ့ တူတာပဲ ''လို့
ပြောသတဲ့ ။
(၂) ဒုတိယ ပုဏ္ဏားကတော့
အစွယ်ကို စမ်းမိပီး
''ဆင်ဟာ ချောမွေ့တယ် လုံးလဲလုံးတယ်
ထက်မြတ်တဲ့ အစွမ်းလည်းရှိတယ်'' လို့ ထင်မှတ်ပြီး ဆင်းရဲ့သဏ္ဍာန်ဟာ လှံတံနဲ့တူတယ်'' လို့ ပြောသတဲ့ ။
(၃) တတိယ ပုဏ္ဏားကလဲ
ပျော့ပြောင်းတွန့်လိမ့်နေတဲ့
ဆင်ရဲ့ နှာမောင်းကို ကိုင်မိတယ်တဲ့ ဒီတော့
'' အလို! ဆင်…ဆိုတာ မြွေကြီးလိုပါပဲလား '' လို့
ပြောသတဲ့ ။
(၄) စတုတ္ထ ပုဏ္ဏားကတော့
ခြေထောက်ကိုစမ်းမိပီး '' ဆင်ဟာ အမှန်အားဖြင့် ကျွန်းတိုင်ကြီးနဲ့ တူတာပါကွာ'' လို့ ဆိုသတဲ့ ။
(၅) ပဉ္စမ ပုဏ္ဏား အလှည့်ရောက်တော့
ဘယ်ညာလှုပ်ရမ်းနေတဲ့ ဆင်ရဲ့ နားရွက်ကိုစမ်းမိပြီး
'' ဆင်ဟာ မင်းတို့ ၄ ဦးပြောသလို မဟုတ်ပါဘူးကွာ
ဆင်…ဆိုတာ ယပ်တောင်နဲ့သာ တူတာပါဟ'' လို့
ပြောတယ်တဲ့ ။
(၆) နောက်ဆုံးဖြစ်တဲ့ ပုဏ္ဏားကလဲ
စမ်းရန်လျှောက်သွားတော့ အမြီးကို ကိုင်မိတယ်ဆိုရင်ပဲ
'' မင်းတို့အားလုံးမှားတယ် ဆင်…ဆိုတာ ကြိုးနဲ့သာ တူတာဟ'' လို့ အော်ပြောလိုက်သတဲ့ ။
=============================
မိတ်ဆွေတို့လဲ
ပုဏ္ဏား ၆ ယောက်လို မဖြစ်စေရန် ကိစ္စတစ်ခုကို မိမိဘက်ကသာမကြည့်ပဲ ကိုယ့်ဘက်သူ့ဘက် မျှတစွာ စဉ်းစာဆင်ခြင်ပြီးမှ မှတ်ချက်ပေးသင့်ပါတယ်
ကိုယ့်ဘက်က မှန်တယ်ထင်ပေမယ့် သူ့အမြင်နဲ့ဆို မှားရင်လဲ မှားနေတတ်တယ်လေ
တစ်ပိုင်းတစ်စသိရုံလေးနဲ့ (တစ်ပိုင်းတစ်စ စမ်းမိရုံဖြင့်)
မှတ်ချက်ပေးမိက ပုဏ္ဏား ၆ ယောက်လို တက်တက်စင်လွဲပြီးတော့ ရယ်ဖွယ်ဖြစ်တတ်တယ်
ဆိုတာကို ဘဝတစ်လျှောက်လုံး မှတ်သား၍ ထားနိုင်ကြပါစေ ။
၃ - ၄ -၂၀၁၇
#ဓမ္မအလင်းရောင်
၁၇
















အရမ်းကောင်းတယ်
ReplyDelete